top of page

Aung Thiha

VET Batch - 1

Joined Rays of Youth in 2022



"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ရှေ့ဆက်ပါ" 


 ဤစကားစုသည် အောင်သီဟ အတွက် ဘဝလမ်းညွှန်အဖြစ် ပြောင်းလဲပေးခဲ့သည့် စွမ်းအားတစ်ရပ် ဖြစ်ခဲ့သည်။ မဲဆောက် (Mae Sot) တွင် ကြီးပြင်းပြီး ရွှေ့ပြောင်းများအတွက် သင်ကြားရေးစင်တာ (MLC) တစ်ခုမှ ပညာသင်ကြားခဲ့သူ အောင်သီဟသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများယာယီရပ်ဆိုင်းသွားချိန်တွင် သူ့ရဲ့အနာဂတ်သည် မရေမရာ ဖြစ်ခဲ့ရသည်။

ရှေ့ဆက် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ၂၀၂၂ ခုနှစ်တွင် Rays of Youth (ROY) မှ ဖွင့်လှစ်သော Vocational Education Training (VET) Batch-1 Media & Creative Course သို့ တက်ရောက်ရင်း မီဒီယာလုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုနှင့် ဝါသနာကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသင်တန်းတွင် အောင်သီဟသည် ကင်မရာကိုင်တွယ်ပုံ၊ ဗီဒီယိုရိုက်ကူးပုံ၊ တည်းဖြတ်ပုံနှင့် ထုတ်လုပ်ရေးဆိုင်ရာ မရှိမဖြစ်လိုအပ်သည့် ဓာတ်ပုံနှင့် ဗီဒီယိုပညာရပ် များကို လေ့လာသင်ယူခဲ့သည်။ သို့သော် နည်းပညာထက် ပို၍အရေးကြီးသည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စသည့် အဖိုးတန်သော ဘဝသင်ခန်းစာများကို ရရှိခဲ့သည်။ ထိုအရည်အချင်းများနှင့် တန်ဖိုးများသည် သူ့အနာဂတ်အတွက် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့သည်။

ယနေ့တွင် အောင်သီဟသည် အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနေရုံသာမက ဓာတ်ပုံရိုက်ခြင်း၊ ပုံနှိပ်ခြင်းနှင့် ဂရပ်ဖစ်ဒီဇိုင်းလုပ်ငန်းများကို အိမ်မှာနေ၍ လုပ်ကိုင်သည့် မီဒီယာလုပ်ငန်းလေးတစ်ခုကိုပါ ဦးစီးနေသည်။ ထို့အပြင် သူသည် ROY လူငယ်ကွန်ရက်အဖွဲ့၏ အတွင်းရေးမှူးနှင့် Help Without Frontiers Thailand Foundation ၏ လူငယ်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ကွန်ရက်အဖွဲ့ဝင်များ လူမှုကွန်ရက်ပေါ်တွင် မျှဝေသည့် မီဒီယာလုပ်ငန်းများ စီမံခန့်ခွဲခြင်းနှင့် အကြောင်းအရာများ ဒီဇိုင်းထုတ်ခြင်းတို့ကို ဆောင်ရွက်နေရသည်။ "ရွယ်တူချင်း အချင်းချင်း သင်ယူခြင်း" (Peer-to-Peer Learning) ကို အခိုင်အမာ ထောက်ခံအားပေးသူအနေဖြင့် အောင်သီဟသည် အခြားသူများအား သူ့ခြေလှမ်းအတိုင်း လိုက်ပါနိုင်စေရန် လှုံ့ဆော်ပေးသော လှုပ်ရှားမှုများနှင့် အခမ်းအနားများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ရှေ့ဆက်ရန်အတွက် အောင်သီဟသည် သူ၏မီဒီယာလုပ်ငန်းကို တိုးချဲ့ရန်နှင့် သူ၏အရည်အချင်းများကို လူငယ်များ ပိုမိုများပြားစွာနှင့် မျှဝေရန် စီစဉ်ထားသည်။ လူငယ်များအတွက် သူပေးသော သတင်းစကားမှာ ရိုးရှင်းပါသည်။ "မလုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်နေမယ့်အစား၊ လုပ်ကြည့်လိုစိတ် ရှိဖို့က ပိုအရေးကြီးပါတယ်" ဟူ၍ ဖြစ်သည်။

မိမိကဲ့သို့သော ရွှေ့ပြောင်းလူငယ်များ၏ စွမ်းရည်များကို ထုတ်ဖော်နိုင်ရန် အခွင့်အလမ်းများ ပေးအပ်သော Rays of Youth အား အောင်သီဟမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့အပြင် သူ၏ဘဝခရီးလမ်းကို ပုံဖော်ပေးခဲ့သော အလှူရှင်များ၊ ဆရာ/ဆရာမများ နှင့် လမ်းညွှန်ပြသပေးသူများအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။



Recent Posts

See All

Comments


bottom of page